ရေးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြင်ဆင်မှုစစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံအားပေး

ရေး မတ် ၁၀

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မတ် ၁၁ ရက်မှ ၁၇ ရက်ထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စာစစ်ဌာနများပြင်ဆင်ထားရှိမှုစစ်ဆေးခြင်းနှင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများတွေ့ဆုံအားပေးစကား ပြောကြားခြင်းကို မတ် ၉ ရက်က တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ပေးခြင်းကို ရေးမြို့နယ်(ခေတ္တ)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်သူဝင်း၊ ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ (ခေတ္တ)ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ ရေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စာစစ်ဌာနအသီးသီးမှ တာဝန်ခံကြီးကြပ်သူ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စာဖြေခန်းများ၊ စာဖြေခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးအန္တရာယ်လုံခြုရေး ဆောင်ရွက်ထားရှိမှုအစရှိသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ထားရှိရန် မှာကြားသည်။

ထို့နောက် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ တည်းခိုနေထိုင်သည့် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ စုစုပေါင်း ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိအာဟာရပြည့်အစားအစာများပေးအပ်ခဲ့ပြီး သောက်သုံးရေ/လျှပ်စစ်မီးနှင့် ကျန်းမာရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရေးမြို့နယ်အနေဖြင့် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနနှစ်ခုတွင် ကျောင်းသား၊ ကျောင်းသူ ၆၈၁ ဦးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ (စက်မှု/ စိုက်ပျိုး/ မွေးမြူရေး) ကျင်းပမည့် စာစစ်ဌာနတစ်ခုတွင် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးတို့က ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ရှင်းသန့်ဖြူ