မိုးညှင်း မတ် ၁၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က လာမည့်မတ်လ (၁၁)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ အပြင်စည်းကြီးကြပ်ဆောင်ရွက်နိုင်ရေး၊ စာစစ်ဌာနများတွင် စာမေးပွဲ အောင်မြင်ချောမောစွာ ကျင်းပပြီးစီးနိုင်ရေး၊ စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးနှင့် စာကျက်ချိန်ကာလအတွင်း လျှပ်စစ်မီးအပြည့်အဝရရှိရေးနှင့် အဝေးမှလာရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ နေထိုင်ရေးတို့အတွက် တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍာများအလိုက် လုပ်ငန်းလိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းလိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ခရိုင်/မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ နေ့လည်ပိုင်းတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ အင်းတော်ကြီးဒေသမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ(၁၆၃)အတွက် ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ ကြက်ဥအလုံး(၂၀၀)၊ ပေါင်မုန့် အထုတ်(၁၇၀)၊ မက်မွန်သီး (၄)ပါကင်၊ မာမီးခေါက်ဆွဲခြောက် (၁၁)ဖာနှင့် ကွေကာ ပေါင်ထုတ် (၁၁)ထုတ် စသည့် စားသောက်ဖွယ်ရာများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း