လူထုအခြေပြုဗဟိုဌာန (ကော့မှူး) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ကော့မှူး မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းများ၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းများ၊ အခြေခံဂျပန်စကားပြောသင်တန်းများအား အခမဲ့ဖွင့်လှစ်ပေးနေကြောင်းနှင့် ပြင်ပဗဟုသုတ တိုးပွား‌စေရေးအတွက် ပြင်ပစာ‌ပေများကို‌ လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ် အမြော်အမြင်များရရှိမည်ဖြစ်ကြောင်းနှင့် စာပေ၏အကျိုးကျေးဇူးများအား ဟောပြောခဲ့သည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲအားကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးက လှမ်းကြပါစို့ စာကြည့်တိုက်သို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်ခေါင်းစဉ်တို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံပြခန်းများနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)