နောင်ချိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုမည့် စာစစ်ဌာနနှင့် နယ်ဝေးမှ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်စားသောက်မှုများအား ကွင်းဆင်းစစ်ဆေး

နောင်ချို မတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုမည့် စာစစ်ဌာန ပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာ၌ အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာကွပ်ကဲမှုအဖွဲ့ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သူရိန်မင်းသိန်း၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က(၁)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာဖြေခန်းများ စနစ်တကျခင်းကျင်းထားရှိမှု၊ စာဖြေခန်းများအတွင်း အလင်းရောင် လုံလောက်စွာရရှိမှု၊ မီးဘေးလုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ အ.ထ.က၊ အ.ထ.က(ခွဲ)များမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ နေထိုင်စားသောက်ရေး အဆင်ပြေမှု ရှိ၊ မရှိ တို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

နောင်ချိုမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲကို အ.ထ.က(၁) စာစစ်ဌာနတစ်ခုတည်းတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေ ၁၇၉ ဦး၊ အပြင်ဖြေ (၁၂၅) ဦး၊ စုစုပေါင်း ၃၀၄ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)