မိုင်းပျဉ်း မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို ၂၀၂၆ ခုနှစ် မတ်လ (၉)ရက်နေ့ ညနေပိုင်းက မြို့မအားကစားကွင်း၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို ကျောင်းသား/ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း အားကစားသင်တန်းများမှတစ်ဆင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်အားကစားသမားများမွေးထုတ်ပေးနိုင်ရန်အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သင်တန်းအားကစားနည်းများတွင် ကရာတေးဒို၊ ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ်စသည့် အားကစားနည်း(၄)မျိုးကို အားကစားမှူး ဦးအောင်မျိုးသူ၊ ဦးအောင်လှိုင်မြင့်၊ ဦးလေးဆွေနှင့် ဦးအောင်နိုင်စိုးတို့က နည်းပြဆရာများအဖြစ် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်ခွဲခြား၍ သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၉ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)