မူဆယ်မြို့တွင် နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်သင်ကြား

မူဆယ် မတ် ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နွေရာသီအားကစာသင်တန်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်မှစ၍ မြို့နယ်အားကစားကွင်း၌ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မူဆယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါအားကစားသင်တန်းများတွင် ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်းများပါဝင်ပြီး သင်တန်းနည်းပြများမှ စနစ်တကျသင်ကြားပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလကို မတ်လ ၉ ရက်နေ့မှ မတ်လ ၂၁ ရက်အထိ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)