နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် မတ် ၁၀

၂၀၂၅-၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းမှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနဖွင့်လှစ်ထားသည့် ကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ၊ ‌အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လုံခြုံရေးအဖွဲ့များအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့၊ အ.ထ.က (၂)၊ အ.ထ.က(သပြေပင်)၊ အ-ထ-က(သဲကောကြီး)စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ပူးပေါင်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လုံလောက်သောအလင်းရောင်ရရှိရေး၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများအတွင်း စာရေးခုံ၊ ထိုင်ခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက်  ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုတို့ အား လိုက်လံစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်တို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်တင်စာမေးပွဲအား စာစစ်ဌာန ၁၁ ခုတွင် ကျင်းပမည်ဖြစ်ပြီး ဘာသာတွဲအလိုက်ဖြေဆိုရန် ကျောင်းသား ၁၃၇၀ ဦး၊ ကျောင်းသူ ၁၈၂၇ ဦး၊ စုစုပေါင်း ၃၁၉၇ ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)