ပျဉ်းမနား မတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများပြင်ဆင်ထားရှိမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ များဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးသည် ပျဉ်းမနားမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး အတွက် စာဖြေခန်းများပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ကာလ လူငယ်အကျိုးပြုသင်တန်းများဖြစ်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းများဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများက အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများ သင်ကြားနေမှုအား ကြည့်ရှုအားပေးသည်။
၎င်းနောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် မယ်ဇလီကုန်းကျေးရွာ၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာသို့သွားရောက်၍ တောင်သူများနှင့်တွေ့ဆုံကာ နွေစပါးများ စိုက်ပျိုးထားရှိ မှုနှင့် ဆက်လက်စိုက်ပျိုးမည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေပေးဝေမှုလုပ်ငန်းများကို အချိန်မီစနစ်တကျဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်း နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆန်စက်အဆင့်မြှင့်တင်တိုးချဲ့ဆောက်လုပ်နေမှု၊ ဆီစက်လည်ပတ် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် နေပြည်တော်အတွင်း သန့်ရှင်းသာယာ လှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး မြို့တော်အား Clean City, Green City, Smart City ဖြစ်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း သန်ရှင်းသာယာ လှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း တာဝန်ရှိသူများကိုမှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)