လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပျဉ်းမနား မတ် ၁၀

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ကာလ လူငယ်အကျိုးပြုသင်တန်းများဖြစ်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ယခုလို နွေရာသီကျောင်းပိတ်ကာလမှာ ကျောင်းသား/ကျောင်းသူလူငယ်တွေအတွက် အကျိုးပြုအသုံးဝင်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်သည့်အတွက် များစွာအကျိုးရှိပါကြောင်း တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း သင်ကြားပြသမှုများကို သေချာစွာလိုက်နာမှတ်သားပြီး အခြေခံမှစ၍ မိမိဘဝအတွက် ပြန်လည်အသုံးချနိုင်သည်အထိ ဆက်လက်လေ့လာသွားကြရန်လိုကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းများဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများက အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများ သင်ကြားနေမှုအား ကြည့်ရှုအားပေးသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဖွင့်လှစ်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများကို မတ်လ ၉ ရက်နေ့မှစတင်၍ ၁၈ ရက်နေ့အထိ ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး Grammar သင်တန်းတွင် ကျောင်းသား/ကျောင်းသူ ၃၅ ဦး၊ အခြေခံကွန်ပျူတာသင်တန်းတွင် ကျောင်းသား/ကျောင်းသူ ၁၅ ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)