‎မဟာအောင်မြေမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

မဟာအောင်မြေ မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျရေးဆွဲတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ် ၁၀ ရက်မှစတင်ကာ မဟာအောင်မြေမြို့နယ် (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ပန်းချီသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ကလေးငယ်များအား ဗလာစာအုပ်၊ ခဲတံများ ချီးမြှင့်ပေးအပ်၍ ပန်းချီဆရာကိုဖိုးချစ်က သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ကာ အခြေခံပန်းချီရေးဆွဲရာတွင် ပါဝင်ရမည့်အချက်များ၊ ပန်းချီရေးဆွဲမည့်ပုံစံအမျိုးမျိုး၊ အရောင်ခြယ် ပုံခြယ်နည်း၊ အလင်းအမှောင်နှင့် ပန်းချီရေးဆွဲနည်းဆိုင်ရာအကြောင်းအရာများကို အခြေခံကျကျ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပို့သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလကို မတ် ၁၀ ရက်မှ ၁၂ ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အောင်ဇော်မင်း