ကျောက်ဆည် မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မော်တော် ဆိုင်ကယ်စီးလျှင်လိုက်နာရမည့်အချက်များ၊ ယာဉ်မောင်းသူများ လိုက်နာရန်အချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအကြောင်း၊ မော်တော်ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ရန်၊ အချက်ပြမီး၊ ဘရိတ်မီးများကောင်းမွန်ရန်၊ ယာဉ်ကြောပြောင်းပြန် မစီးရန်၊ မူးယစ်သောက်စားပြီးမမောင်းရန်၊ သတ်မှတ်ယာဉ်ကြောမှမောင်းရန်၊ ဖြောင့်တန်းစွာ မောင်းရန်၊ ပြိုင်မမောင်းရန်၊ ယာဉ်မောင်းနှင့် ယာဉ်လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်များကို ကိုယ်တွင်တပ်ဆင်ရန်အကြောင်းအရာများ ဟောပြောခဲ့သည်။
ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက လမ်းဖြတ်ကူးပါက ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်ပြီး လမ်းရှင်းမှကူးရန်၊ လူကူးမျဉ်းကြားမှ ကူးရန်၊ ယာဉ်မောင်းလိုင်စင်ပါမှ ယာဉ်မောင်းရန်၊ ယာဉ်မောင်းနေစဉ်လက်ကိုင်ဖုန်း အသုံးမပြုရန်၊ လိုင်စင်ခွင့် မပြုထားသော ယာဉ်များမမောင်းရန်၊ ယာဉ်ကိုဘေးအန္တရာယ်ဖြစ်အောင် မမောင်းရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး စသည့် အသိပညာပေးအကြောင်းအရာများ ဟောပြောခဲ့ပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)