မိုင်းယန်း မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တရားမဝင်လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းမှုဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ (Community Centre)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ဇာဇာဝင်းက အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦးက လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းများ၊ နောက်ဆက်တွဲဖြစ်စေနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ လူကုန်ကူးခံရနိုင်သည့်အခြေအနေများ၊ လူကုန်ကူးမှုဆိုင်ရာ အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ သက်ငယ်မုဒိမ်းမှုဆိုင်ရာအကြောင်းအရာများဖြင့် အသိပညာပေးရှင်းလင်းဟောပြောရာ မသိနားမလည်သည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကိုပြသခဲ့ပြီး အသိပညာဗဟုသုတများရရှိစေရန် သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး