နောင်ချိုမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်

နောင်ချို မတ်  ၁၀

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီကာလကို စတင်ကူးပြောင်းစပြုလာသောကြောင့် မီးဘေးအန္တရာယ်မကျရောက်စေရေးအတွက် ကြိုတင်ပြင်ဆင်လိုက်နာသင့်သည့်အချက်များအား မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်းများ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြခြင်းကို မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီအချိန်က မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦး‌အောင်ကျော်လင်းက နွေဦးရာသီ၌ မီးဘေးမကျရောက်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် လိုက်နာသင့်သည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လက်ထောက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဖြိုးအောင်က  မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံများကို ဈေးသူ/ဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက မြို့မဈေးအတွင်းရှိ မီးသတ်ဆေးဘူးများစစ်ဆေးခြင်း၊ လျှပ်စစ်မီတာနှင့်မီးကြိုးများစစ်ဆေးခြင်းစသည့် မီးဘေးလုံခြုံရေးတို့ကို စစ်ဆေးခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်