တာချီလိတ်မြို့၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

တာချီလိတ် မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီပညာရပ်၏ အခြေခံသဘောတရားများကို သိရှိနားလည်စေရန် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားပြောကြားပြီး ပန်းချီပညာရှင် ဦးမောင်ကိုကိုက မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းကောက်စသည့် မျဉ်းကြောင်းများအခြေခံ၍ ပန်းချီဆွဲနည်းအမျိုးမျိုး၏ အခြေခံသဘောတရားများကို အလွယ်တကူတတ်မြောက်စေရန် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆ ဦးအား မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တက်ရောက်လာကြသည့် သင်တန်းသား/ သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အချိုရည်နှင့် မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)