ကျောက်တလုံးကြီးမြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော လီလီပန်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်တလုံးကြီး မတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင်  မိသားစုအပိုဝင်ငွေရရှိရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော လီလီပန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

လီလီပန်းများစိုက်ပျိုးရာတွင် လီလီပန်းမျိုးဥများ အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်ကာ အမြစ်များရှင်သန်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမည့်စိုက်ဘောင်နှင့် စိုက်ကျင်းအနက်တို့သည် မျိုးဥပေါ် မူတည်၍ပြုလုပ်ပေးရပြီး မျိုးဥမချမီ စိုက်ဘောင်ကို နွားချေး၊ အာမိုနှင့် ဒီစူပါ မြေသြဇာများရောစပ်၍ ထည့်ကာ​ရေဖြင့် (၆)နာရီခန့် ကြိုတင်နှပ်ထားပြီးမှ မျိုးဥချရကြောင်း၊ လီလီပန်းပင်များ စိုက်ပျိုးရာတွင် တွင်းအနက်အနည်းဆုံး ၆ လက်မ လိုအပ်ပြီး တစ်ပင်နှင့်တစ်ပင်ကြား ၆ လက်မခြား စိုက်ပျိုးရကြောင်း၊ လီလီပန်းများသည် နေရောင်ခြည်ကြိုက်သော်လည်း အေးသောရာသီဥတုကို နှစ်သက်သောကြာင့် အပူဒဏ်ခံနိုင်ရန်အမိုးများ မိုးထားပေးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး ၂ ရက်လျှင် ၁ ကြိမ် ရေလောင်းပေးရပြီး ပေါင်းမြက်ပေါက်ရောက်မှုအပေါ်မူတည်၍ တစ်လတစ်ကြိမ်ခန့် ပေါင်းရှင်းပေးရန် လိုအပ်ကြောင်း သိရသည်။

လီလီပန်း မျိုးကွဲပေါင်း(၁၀၀)ကျော်ရှိပြီး အရောင်အားဖြင့် အဖြူ၊ အဝါ၊ အပန်း၊ ခရမ်း၊ အနီရောင်များရှိကြောင်း၊ လီလီပန်းများသည် စိုက်ပျိုးပြီး ၈ လကြာမှပန်းများခူးယူနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် အဖြူရောင်လီလီပန်းမျိုးကို  စိုက်ပျိုးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် လီလီပန်းများ စတင်ခူးယူနိုင်မည်ဖြစ်ကြောင်းနှင့် ဇွန်လကုန်အထိ ပန်းများခူးယူရောင်းချနိုင်သဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း  လီလီပန်းစိုက်ပျိုးသူ ဒေါ်နန်းစွဲထံက သိရသည်။

ဇော်နိုင်လင်း