မြစ်သားမြို့နယ်၌ မျိုးကြက်သွန်စိုက်ပျိုးတောင်သူများ စတင်ရိတ်သိမ်း

မြစ်သား မတ် ၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ကြက်သွန်မျိုးပန်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ  စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

မြစ်သားမြို့နယ် ကြက်သွန်စိုက်တောင်သူများသည် ကြက်သွန်ပေါ်ချိန်တွင် ကြက်သွန်မျိုးကောင်းမျိုးသန့်ရရှိစေရန် ရှယ်ဥခေါ်လုံးဝန်းကြီးမားသည့်ဥများအားရွေးချယ်ထားကြကာ ကြက်သွန်မျိုးပန်းစိုက်ပျိုးချိန်တွင် စိုက်ပျိုးကြကြောင်း၊  တန်ဆောင်မုန်းလတွင် မျိုးပန်းကြက်သွန်ဥများစတင်စိုက်ပျိုးကြကြောင်းသိရပြီး စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ကြက်သွန်ဥမှမန်တိုင်ခေါ်စိန်ဖူးသဏ္ဌာန်ကြက်သွန် အဖူးထွက်လာကြောင်း၊ ကြက်သွန်မျိုးပန်းကြက်သွန်ဖူးထွက်လေ့ရှိကြောင်း ငါးဆူအုပ်စု၊ ရွှေကြာအင်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးဝင်းမြင့်က ရှင်းပြသည်။

မျိုးစေ့ကြက်သွန်များကို  မိုးမကျမီတွင်ဆွတ်ခူးနေလှန်း၍ ကြက်သွန်မျိုးစေ့ထုတ်ယူပြီး လုံခြုံသောပုံးများဖြင့် ထည့်ထားပေးရသည်။ ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်စိုက်ပျိုးချိန်တွင် ကြက်သွန်မျိုးစေ့များအရောင်းအဝယ်ဖြစ်ကြပြီး ကြက်သွန် မျိုးစေ့တစ်ပြည်လျှင်  ကျပ်တစ်သိန်းအထိအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

 မြစ်သားမြို့နယ်အတွင်းရှိ   ဒေသခံတောင်သူများအား  မျိုးကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်နီမျိုးစေ့များ‌ကောင်းမွန်စေရန်နှင့် အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။ ထို့ပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ၊ မျိုး၊ ပိုး) တာဝန်ခံဝန်ထမ်းများကလည်း မြို့နယ်တွင်းရှိတောင်သူများ အားမြေဆီလွှာကောင်းမွန်စေရန် လုပ်ဆောင်ရမည့်နည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရန်နည်းလမ်းများနှင့် အခြေခံသီးနှံစိုက်ပျိုးနည်းစနစ်များကို ကွင်းဆင်းပညာပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

မြစ်သားမြို့နယ် ကြက်သွန်စိုက်တောင်သူများသည် ကြက်သွန်မျိုးများအား ကိုယ်တိုင် မျိုးကောင်းမျိုးသန့်ရွေးချယ်ကာ ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် ကြက်သွန်အထွက်နှုန်းကောင်းမွန်ကြကြောင်းသိရပြီး ကြက်သွန်မျိုးပန်းပျိုးထောင်ကြသည့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လက်ပံဆိပ်ကျေးရွာ၊ ကူဖြူကျေးရွာ၊ နီပါးကုန်းကျေးရွာ၊ နှဲဝဲကျေးရွာ၊ ကဆွန်ကျေးရွာ၊ လမ်းခွကျေးရွာ၊ ပေါမောကျေးရွာ၊ ကြောင် ပန်းကုန်းကျေးရွာ၊ အုပ်ရှစ်ကုန်းကျေးရွာ၊ တလိုင်းကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ သမတန်းကျေးရွာ၊ ငါးဆူကျေးရွာ၊ ရွှေပေါ်ကျွန်းကျေးရွာ၊ ကျန်တောကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာ၊ ရွှေကြာအင်းကျေးရွာ၊ ကုက္ကိုစုကျေးရွာတို့တွင် ကြက်သွန်မျိုးပန်းစိုက် တောင် သူများသည် ကြက်သွန်မျိုးပန်းစေ့အောင်မြင်ဖြစ်ထွန်းခြင်းကြောင့် ကြက်သွန်မျိုးပန်း စေ့ထုတ်ယူရောင်းချချိန် ဈေးကောင်းရရန်မျှော်လင့်နေကြကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)