မြစ်ကြီးနား မတ် ၉
ကချင်ပြည်နယ်အတွင်း တဖက်နိုင်ငံသို့ သွင်းကုန်ပစ္စည်းများနှင့်ပတ်သက်၍ တရားဝင်သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုနိုင်ရေးနှင့် စစ်ဆေးဆောင်ရွက်နိုင်ရေးတို့အတွက် မိုင်းနားအခြေ ပြုကံပိုင်တည်ကုန်သွယ်ရေးစခန်း ယာယီယာဉ်စစ်ဆေးကွင်း ဖွင့်လှစ်ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့သို့ တစ်ဖက် နိုင်ငံမှ ဝင်ရောက်နေသော ကုန်ပစ္စည်းများနှင့် ပတ်သက်၍ တရားဝင် ဖြစ်စေရေး၊ ဒေသတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် တရားဝင်သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုခြင်း၊ ကျသင့်အခွန်အခများ ပေးဆောင်စေခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကံပိုင်တည် OSS အဖွဲ့နှင့် ယခုလ ၆ ရက်နေ့ကစတင်ပြီး ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ ရွှေမိုးတောင်ဘုရားတောင်ခြေတွင် လုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း စစ်ဆေးဆောင်ရွက်မည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အကောက်ခွန်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ OSS အဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မိုင်းနားအခြေပြု ကံပိုင်တည်ကုန်သွယ်ရေးစခန်း ယာယီယာဉ်စစ်ဆေးရေးကွင်း ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ကုန်သွယ်ရေးလုပ်ငန်းများအပေါ် ညွှန်ကြားချက်များနှင့်အညီ SOP ထုတ် ပြန်ချက်အတိုင်း ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ OSS အဖွဲ့အစည်းမှ ယာဉ်တင်ကုန်ပစ္စည်းများ စစ်ဆေးဆောင်ရွက်ရာတွင် လိုအပ်သည့်ကိစ္စရပ်များ၊ ယာဉ်များရပ်နားကွင်း မြေနေရာနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကုန်သွယ်ရေးနှင့် စစ်ဆေးရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ကြရေး၊ OSS အဖွဲ့အစည်းများ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရေးမှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ - ၁ ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် Quick Win လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေမှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိထိရောက်ပြီး အချိန်တိုအတွင်း လျင်မြန်စွာဆောင်ရွက်ပြီးစီးနိုင်သည့် Quick Win လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် စိစစ်တင်ပြဆွေးနွေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မြစ်ကြီးနား၊ မိုးညှင်းနှင့် ပူတာအိုခရိုင်များအတွက် အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေရရှိရေး၊ ကုန်ထုတ်လမ်း/ တံတားများနှင့် ရေရှိရေးလုပ်ငန်းများ၊ ကျေးရွာ ချင်းဆက်လမ်းများနှင့် လယ်ယာသုံးပစ္စည်းကိရိယာများ ဝယ်ယူတင်သွင်းရေး စသည့် လုပ်ငန်းများ အတွက် ရန်ပုံငွေ ရေးဆွဲတင်ပြထားရှိမှု အခြေအနေများကိုတင်ပြကြရာ ပြည်နယ်ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရန်ပုံငွေတင်ပြတောင်းခံရာတွင် လိုက်နာရမည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားများနှင့် အညီဖြစ်စေရေး စိစစ်တိုက်ဆိုင်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေများကို ဖြည့်စွက်သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအနေဖြင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး အမှန်တကယ်အကျိုးဖြစ်ထွန်းစေသော်လည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ စိစစ်တင်ပြသွားရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)