ပုံပါကျင် မတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ တာလေကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁)နာရီခွဲက ဌာနဆိုင်ရာတာဝန်ရှိသူများကွင်းဆင်း၍ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးခိုးမြူငွေ့လျော့ချရေးအသိပညာပေးဟောပြောပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးအောင်အောင်ဦးဆောင်သော သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူတို့က သဘာဝအလျှောက်တောမီးလောင်ကျွမ်းခြင်း၊ တို့မီး၊ ရှို့မီးနှင့်အခြားပေါ့ဆမီးများကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်းမီးခိုးမြူငွေ့ကျရောက်နိုင်သည့် အခြေအနေများ၊ မီးခိုးမြူငွေ့များကြောင့် မျက်စိနာခြင်း၊ အရေပြားယားယံခြင်း၊ ချောင်းဆိုးခြင်း၊ နှာမွှန်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြင်း၊ ရာသီဥတုပြောင်းမှုကိုဖြစ်စေခြင်းနှင့် မဆင်မခြင်တောမီးရှို့ခြင်းအတွက်ရရှိလာမည့် ပြစ်မှုပြစ်ဒဏ်များ၊ တောမီးရှို့၍ အမဲလိုက်ခြင်းများမပြုလုပ်ကြရန်စသည်ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအတွင်းနေ ပြည်သူများက သိရှိလိုသည့်များ ပြန်လည်မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှတာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးနံရံကပ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)