နေပြည်တော် မတ် ၉
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်အမျိုးသမီးကော်မတီဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ၁၉၇၅ ခုနှစ် ကစပြီး နှစ်စဉ် မတ်လ(၈) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တသမတ်တည်း သတ်မှတ်ကျင်းပခဲ့ကြပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ နိုင်ငံတော်အစိုးရ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်ကြသည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ နိုင်ငံတော်အဆင့်အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဦးဆောင်မှုဖြင့် အမျိုးသမီးအခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးအတွက် အသိပညာပေးမှုများ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျား/မ ရေးရာ တန်းတူညီမျှမှု၊ ကျေးလက်နှင့်မြို့ပြ ကွာဟချက်နည်းပြီး ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ကာ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်မားလာနိုင်ရေးနှင့် ကဏ္ဍစုံတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်မှာ “Rights. Justice. Action. For All Women and Girls” “တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး” ဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း NSPAW ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ထိရောက်အောင်မြင်ဖို့အတွက် Phase II (၂၀၂၃-၂၀၃၂) ကို ဦးဆောင်ကော်မတီတစ်ရပ်နှင့် လုပ်ငန်းကော်မတီ (၁၂)ရပ် ဖွဲ့စည်းပြီးရေးဆွဲခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာလုပ်ငန်းများ၏ အရေးကြီးမှုကို ပိုမိုထင်ဟပ်ပေါ်လွင်စေခြင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် စောင့်ရှောက်မှုများပေးနိုင်ခြင်းဖြင့် ယခုနှစ်ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများ၏ စွမ်းရည်များမြှင့်တင်ပေးနိုင်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမျိုးသမီးငယ်ရွယ်စွမ်းဆောင်ရည်ဆု ရရှိသူများကိုလည်ကောင်း၊ နေပြည်တော်အမျိုးသမီးရေရာအဖွဲ့ နာယကဒေါ်သီတာဇင်က ASEAN Award 2025 ဆု ရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် Video Clip အား ပြသခဲ့သည်။
ယင်းနောက် ပျဉ်းမနားခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ အလှကမ္ဘာမြေတေးသီချင်းနှင့် မမကိုယ်တိုင်က တေးသီချင်းများဖြင့်လည်းကောင်း၊ ဇေယျာသီရိမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ချင်းတို့ဌာနေ တေးသီချင်းဖြင့် လည်းကောင်း၊ နေပြည်တော်ကလေးပြုစုရေးဌာန သမီးငယ်လေးများက ရက်မြတ်မင်္ဂလာ တေးသီချင်းဖြင့်လည်းကောင်း အသီးသီးကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖျော်ဖြေတင်ဆက်ခဲ့သည့် အဖွဲ့များအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)