ချမ်းမြသာစည် မတ် ၉
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်များအား ပြုပြင်နိုင်ရန် ငွေနှင့် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ်)များပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက အိမ်ပိုင်ဆိုင်မှုအထောက်အထား၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ နေအိမ်အမျိုးအစားအလိုက်ပျက်စီးသည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်၊ ကိုယ်စားထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာနှင့် နေအိမ်ပျက်စီးခဲ့မှု မှတ်တမ်းဓာတ်ပုံများစသည့်တို့ကို စနစ်တကျတိုက်ဆိုင်စစ်ဆေး၍ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှု၊ အလုံးစုံပျက်စီးမှုတို့အတွက် နိုင်ငံတော်မှသတ်မှတ်ထားသည့်နှုန်းထားအတိုင်း ငွေနှင့်အိမ်ဆောက်ပစ္စည်းများကို နေအိမ်ပိုင်ရှင် မိဘပြည်သူများထံ ပေးအပ်သည်။
အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် နေအိမ်ပိုင်ရှင် မိဘပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)