ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၆) ကျင်းပ

တောင်ကြီး မတ် ၉

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်အကြီးအကဲများနှင့်အတူ မတ်(၇)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ်(၂/၂၀၂၆) သို့တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့်အတန်း မြင့်မားရေးဆောင်ရွက်ရန်ရည်ရွယ်၍ လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေးမူဝါဒများ တိတိကျကျချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍကိုအခြေခံသည့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးတို့ကိုရှေ့ရှု၍ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့် ဌာန၊အဖွဲ့အစည်းအားလုံးနှင့် ချိတ်ဆက်ပြီးအောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်ပြောကြားသည်။

ထို့နောက် ပြည်နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ယခင်အစည်း အဝေးအမှတ်စဉ်(၁/၂၀၂၆) ဆုံးဖြတ်ချက်များဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လယ်ယာ​မြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၆)တွင် တင်ပြချက်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနအကြီးအကဲများက ဆွေးနွေးဆုံးဖြတ်ကြကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)