မိုးညှင်းမြို့၌ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၄၀)ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေးအထိမ်းအမှတ် ဘော်လီဘောအလွတ်တန်း အမျိုးသားဖိတ်ခေါ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မိုးညှင်း မတ် ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၄၀)ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေး အထိမ်းအမှတ် ဘော်လီဘောအလွတ်တန်း အမျိုးသားဖိတ်ခေါ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်း၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့အသင်းနှင့် မြသိန်းတန်ကလပ်အသင်း (က)တို့၏ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် မှ သင်းအုပ်ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များက တစ်ခဲနက် အားပေးခဲ့ကြကြောင်း သိရသည်။

၎င်းနောက် ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးဆိုင်းအောင်က ဆုတောင်းမေတ္တာပို့သခဲ့သည်။ အဆိုပါ ဘော်လီ ဘောပြိုင်ပွဲကို မတ်လ ၅ ရက်နေ့မှစတင်ကာ အသင်း စုစုပေါင်း ၈ သင်းတို့က ယှဉ်ပြိုင်ကစားကြရာ ပထမဆုရရှိသည့် ခရိုင်ရဲတပ်ဖွဲ့အသင်းအား ကျပ် ငါးသိန်း၊ ဒုတိယဆုရရှိသည့် မြသိန်းတန်ကလပ်အသင်း (က)အား ကျပ်သုံးသိန်း၊ တတိယဆုရရှိသည့် မြသိန်းတန်ကလပ်အသင်း (ခ)အား ကျပ်တစ်သိန်းနှင့် ပြိုင်ပွဲ၀င်အသင်း ငါးသင်းအား နှစ်သိမ့်ဆု ကျပ်တစ်သိန်းစီကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုဖလားများနှင့် ငွေသားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တိုးတိုးမေ-ဟိုပင်