ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ တောင်ကြီးမြို့ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး မတ် ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်တို့သည် ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် တောင်ကြီးမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ တက္ကသိုလ်ဒီဂရီကောလိပ်များတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် ရှမ်းပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနရုံးများသို့လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တောင်ကြီးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ခရိုင်/မြို့နယ်စုပေါင်းရုံး၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံနှင့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးများသို့လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့လည်းကောင်းသွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြပြီး  ပြည်နယ်ဝန်ကြီးများက ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မီးဘေးအန္တရာယ်ကာကွယ်ရေး ဂရုပြုဆောင်ရွက်လိုအပ်ကြောင်း၊ သစ်ပင်သစ်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်းကြရန်လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်လည်းကောင်း၊ မိုင်းပျဉ်းမြို့တွင်လည်းကောင်း၊ မိုင်းခတ်မြို့တွင်လည်းကောင်း၊ မိုင်းယုမြို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင်လည်းကောင်း၊ ခိုလမ်မြို့တွင်လည်းကောင်း၊ မောက်မယ်မြို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်လည်းကောင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်၊ မြို့နယ်များအလိုက် စုပေါင်းဆောင်ရွက်လျက်ရှိကြရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)