နေပြည်တော် မတ် ၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ သမိုင်းဝင်ဖောင်တော်ချက်မဘုရားကြီးသို့သွားရောက်ပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများပူးပေါင်း၍ ဘုရားပရဝုဏ်အတွင်းအပြင်ရှိ မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များ သတ်မှတ်နေရာများသို့ စွန့်ပစ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းအတွင်းမှ အမှိုက်များဖယ်ရှားခြင်း၊ တန်ဆောင်းများအတွင်း သန့်ရှင်းစေရန် တံမြက်စည်းလှည်းခြင်းတို့အား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီတော်ကြီး ပြန်လည်ပြုပြင်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေစီးရေလာ ကောင်းမွန်စေရေး၊ ရာသီအလိုက်ပွင့်သည့် ပန်းပင်များစိုက်ပျိုးရေး၊ အမြဲသန့်ရှင်းသာယာရေးနှင့် စေတီတော်ကြီးပြန်လည်ပြုပြင်တည်ဆောက်ရာတွင် အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ တည်ဆောက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းအတွင်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာစစ်ဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အလားတူ နေပြည်တော်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက်ကျန်ရှိသည့် မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ် စနေ့နေ့တိုင်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ၂ဝ၂၆ ခုနှစ်၊ အခြေခံပညာတက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး စာဖြေဌာန၊ ကြီးကြပ်ရေးမှုး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအား ချီးမြင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာတက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမှာကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှလိုအပ်သလို ဦးဆောင်လမ်းညွှန် ကြပ်မတ်ပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ချမှတ်ထားသည့် စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ဖို့နဲ့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး စာစစ်ဌာနအသီးသီးမှာ တာဝန်ယူကြမည့် ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများဟာ မိမိတို့ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ စာမေးပွဲကာလအတွင်းမှာ အဘက်ဘက်ကအဆင်ပြေ ချောမွေ့စေရန်၊ လုပ်ငန်းခွင်အတွင်း လိုအပ်သည့်အားအင်တွေပြည့်ဝစေဖို့အတွက် နေပြည်တော်ကောင်စီအနေဖြင့် ယခုလို အသိအမှတ်ပြုပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကြီးကြပ်ရေးမှုး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအတွက် ပစ္စည်းများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက ချီးမြှင့်ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)