ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဆောင်၍ မိုးကောင်းမြို့နှင့် နမ္မတီးမြို့တို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဓာတ်သတ္တု(ရွှေ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် ၈

ကချင်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဖူလုံမှုရှိစေရေးနှင့် အများပြည်သူစိုးရိမ်ကြောင့်ကြမှုမရှိစေရေး စနစ်တကျစီမံဆောင်ရွက်နိုင်ရေးနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား ခွင့်ပြုချက်များနှင့်အညီ ရောင်းဝယ်ခြင်းရှိ/မရှိတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်သည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မိုးကောင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မိုးကောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး စက်သုံးဆီအရောင်းဆိုင်များ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် ဒေသတွင်းစက်သုံးဆီဖူလုံမှုရှိစေရေး၊ ခြိုးခြံချွေတာနိုင်ရေးနှင့် ဈေးနှုန်း မတည်ငြိမ်အောင် လှုံ့ဆော်ရောင်းချခြင်းများနှင့် ပြည်သူများ စိုးရိမ်မှုကြောင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်းများမရှိစေဘဲ ပုံမှန်အတိုင်း လွတ်လပ်စွာ ဝယ်ယူရောင်းချနိုင်ရေး၊ အရေးယူဆောင်ရွက်ရမည့်ကိစ္စရပ်များကို မိမိတို့အနေဖြင့် စနစ်တကျထိန်းသိမ်းကြပ်မတ် စစ်ဆေးဆောင်ရွက်သွားရေး မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမ ကြီးဘေးရှိ ဆွေသဟာ စက်သုံးဆီအရောင်းဆိုင်၊ Regency စက်သုံးဆီအရောင်းဆိုင်၊ ဖြိုးဝေဦး စက်သုံးဆီအ‌ရောင်းဆိုင်နှင့် တိမ်ဖြူစက်သုံးဆီ  အရောင်းဆိုင်များတွင် စက်သုံးဆီပုံမှန်ရောင်းချမှု ရှိ/ မရှိ၊ သိုလှောင်ကန်များအတွင်းရှိ စက်သုံးဆီ လက်ကျန်များနှင့်  Auto Tank Gauge (ATG)များအား စစ်ဆေးတိုင်းတာဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ မလိုအပ်ဘဲ တန်းစီဝယ်ယူမှု မရှိစေရေးအတွက် ပုံမှန် ရောင်းချပေးရေးနှင့် စက်သုံးဆီအရောင်းဆိုင်များ ရောင်းချပေးခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် အဆိုပါအရောင်းဆိုင်များအား ပိတ်သိမ်း စေမည်ဖြစ်ကြောင်း  စသည့်ကြေညာချက်များကို အသိ ပေးနှိုးဆော်စေခြင်း၊ ဆီဆိုင်များတွင် အဆိုပါကြေညာချက်များ ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ဓာတ်သတ္တု(‌ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစီစစ်ရေးအဖွဲ့ဝင်များနှင့်အတူ မိုးကောင်းမြို့၊ အရှေ့ရပ်ကွက်ရှိ ‌ရွှေအိမ်စံရွှေဆိုင်၊ ဂျာလင်း ရွှေဆိုင်နှင့် လကမ္ဘာရွှေဆိုင်များအား လက်ဝတ်ရတနာများ၊ ရွှေနှင့်‌ရွှေကြမ်းဖြင့် ပြုလုပ်သော အနုပညာပစ္စည်းများနှင့်အသုံးအဆောင်ပစ္စည်းများအား သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အမိန့်/ ညွှန်ကြားချက်များ၊ ခွင့်ပြုချက်နှင့်အညီ ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားရေး၊ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရေး သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် ကော်မတီဝင်များသည် နမ္မတီးမြို့သို့ ရောက်ရှိပြီး ကံလှရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ရွှေလှိုင်းစက်သုံးဆီအရောင်းဆိုင်၊ တိုင်းကျော် စက်သုံးဆီအရောင်းဆိုင်၊ မြို့လှရပ်ကွက်ရှိ ဂုဏ်ပွင့်နိုင်စက်သုံးဆီအရောင်းဆိုင်၊ မြို့ဦးရပ်ကွက်ရှိ ကျားပြောင်း စက်သုံးဆီအရောင်းဆိုင်နှင့် ဆန်းသစ်စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ရောင်းဝယ် နေမှု အခြေအနေများကို သတ်မှတ်ချက်နှင့်အညီ ဖြစ်စေရေး လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့်အတူ နမ္မတီးမြို့ပေါ်ရှိ ရွှေလှိုင်းရွှေဆိုင်၊ အောင်ရွှေပန်းတိမ်ဆိုင်၊ ရွှေဝါထွန်း ရွှေပန်းတိမ်ဆိုင်၊ ဦစီးယုံ ရွှေဆိုင်နှင့် မြို့မရပ်ကွက်ရှိ ကျော်ရွှေပန်းတိမ်နှင့်ရွှေရတနာရောင်းဝယ်ရေးဆိုင်များကို လည်း ကောင်း ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်ချက်၊ ခွင့်ပြုချက်များနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်ကြရေး လိုအပ်သည်များအား လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)