လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အကြို အဆင့်မြင့်ပညာအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်၊ စာစောင်၊ ဓာတ်ပုံပြပွဲများအား ကျင်းပ

လားရှိုး မတ် ၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးကကြီးမှူး၍ လားရှိုးပညာရေးဒီဂရီကောလိပ်ဖြင့် ပူးပေါင်းကာ (၈၁)နှစ်မြောက် တပ်မတော်နေ့အကြို အဆင့်မြင့်ပညာအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်၊ ဓာတ်ပုံပြပွဲများကို မတ်လ ၆ ရက်က  ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်က ပြိုင်ပွဲကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲအားဆက်လက်ကျင်းပခဲ့ရာ လားရှိုးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က နံပါတ်စဉ်မဲနှိုက်ခြင်း၊ မိမိတို့ယှဥ်ပြိုင်ရမည့်ခေါင်းစဉ်များ မဲနှိုက်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်မြှင့်တင်ရန်နှင့် လူငယ်များ၏အခန်းကဏ္ဍ၊ လူငယ်တို့၏ခွန်အားနှင့် နိုင်ငံတော်၏အနာဂတ်၊ လူငယ်အနာဂတ်လှပဖို့ မျိုးချစ်စိတ်ဓာတ်မြှင့်တင်စို့ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ဆက်လက်၍ ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ဦးစီးမှူး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်‌‌ရေးဖောင်ဒေးရှင်း (ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များ အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ပြသခဲ့ကြောင်း သိရသည်

လူမော် (ပြန်/ဆက်)