မရမ်းကုန်းမြို့နယ်တွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်

မရမ်းကုန်း မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မတ်လ ၅ ရက်နေ့ နံနက်  ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်းဒုဥက္ကဋ္ဌ ဦးရှင်ဇာနန်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သီသီစန်းက မုဒိတာစကားပြောကြားခြင်း၊ နည်းပြပန်းချီဆရာ ဦးစမ်းကို(စမ်းချောင်း)က အခြေခံပန်းချီ‌ရေးဆွဲနည်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ အခြေခံပန်းချီ‌ရေးဆွဲနည်း အခမဲ့သင်တန်းကို မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၃ ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၅ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)