နေပြည်တော် မတ် ၇
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် စာစစ်ဌာနများအဖြစ် ပြင်ဆင်ထားရှိသော ရွှေနံ့သာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ညိုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေး၊ ကျောင်းသန့်ရှင်းသာယာလှပမှုရှိစေရေး၊ ကျောင်းတွင်း/ကျောင်းပြင် လုံခြုံမှုရှိစေရေး၊ ပူပြင်းခြောက်သွေ့သော နွေရာသီကာလဖြစ်သောကြောင့် မီးဘေးအန္တရာယ် အထူးဂရုပြုဆောင်ရွက်ရေးနှင့် စာမေးပွဲဖြေဆိုနေချိန်ကာလများအတွင်း ဆူညံမှုများ မဖြစ်ပေါ်စေရေး အထူးအလေးနက်ထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် တောင်ညိုကျေးရွာအုပ်စု၊ အောင်ချမ်းသိမ်းကျေးရွာ၊ အောင်ချမ်းသိမ်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကြည်ညိုကာ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကလေးငယ်များအား ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် မောင်းရမ်းကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာ၊ ကွင်းအမှတ် (၁၈၈၅) တောင်သူ ဦးထွန်းဝေ၏ လယ်မြေ ၃၀ ဧကတွင် နွေစပါးစိုက်ပျိုးရန် မြေပြုပြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ တောင်သူများအား တစ်နှစ်သုံးသီး ရာသီပြည့် သီးနှံများ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ကြိုက်နှစ်သက်ရာ မျိုးကောင်းများကို ရွေးချယ်ပြီး တစ်ချိန်တည်းစိုက်ပျိုးပြီး ရိတ်သိမ်းချိန် ဟန်ချက်ညီအောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်နိုင်ရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေများကို အကျိုးရှိရှိအသုံးပြုရေးနှင့် တာဝန်ရှိသူများအနေဖြင့် တောင်သူနည်းပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
အောင်မျိုးဝင်း(ပြန်/ဆက်)