နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဆုတံဆိပ်ရရှိခဲ့ကြသည့် အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၇

နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများအား နေပြည်တော်ကောင်စီမှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မတ် ၅ ရက်နေ့က နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် နည်းပြဆရာများ၊ ဖိတ်ကြားထားသူများနှင့် အားကစားသမားများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ၌ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရပ်တည်နိုင်ခဲ့ပြီး နေပြည်တော်အနေဖြင့် ခြင်းလုံးအားကစားနည်းတွင် ရွှေတံဆိပ် ၂ ခု၊ ဘိလိယက်နှင့် စနူကာအားကစားနည်းတွင် ရွှေတံဆိပ် ၁ ခု စုစုပေါင်းတံဆိပ် ၃ ခု ရယူပေးနိုင်သည့်အတွက် နေပြည်တော်ကောင်စီအနေဖြင့်လည်း လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သည့် အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများကို နေပြည်တော်ကောင်စီမှ လေးစားအသိအမှတ်ပြုသည့်အနေဖြင့် ယခုလိုထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ရခြင်းပဲဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင်လည်း နိုင်ငံ၏ဂုဏ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ဂုဏ်ကို ဆောင်၍ အောင်မြင်မှုရရှိရေးအတွက် မလျော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ပိုမိုအားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဂုဏ်ပြုပွဲအခမ်းအနားအတွက် ပံ့ပိုးကူညီပေးပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊  (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုရရှိသောအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များက ဘိလိယက်နှင့်စနူကာအားကစားနည်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းအားကစားနည်းပြိုင်ပွဲ၊ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု ချန်ပီယံရှစ် ပြိုင်ပွဲ၊ ပီနန်ဖိတ်ခေါ် ဂျီကာ ဂျူဒို ချန်ပီယံရှစ်ပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် အုပ်ချုပ်သူ/နည်းပြနှင့်အားကစားသမားများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများက တိုက်ကွမ်ဒိုအားကစားနည်းပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားနည်းပြိုင်ပွဲ၊ မြန်မာ့သိုင်းအားကစားနည်း၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားနည်းပြိုင်ပွဲများတွင် ဆုရရှိသည့် အုပ်ချုပ်သူ/နည်းပြနှင့်အားကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဆုရရှိသူများကိုယ်စား ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ရွှေတံဆိပ်ဆုရ အားကစားသမား ဦးအောင်ဌေးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈) နည်း၊ အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမား စုစုပေါင်း ၆၉၈ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၃ ခု ၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၄၈ ခု စုစု‌ပေါင်း ၇၂ ခုရရှိခဲ့ကာ နိုင်ငံအလိုက်အဆင့်တွင် အဆင့် (၇) ၌ ရပ်တည်နိုင်ခဲ့ရာ နေပြည်တော်အနေဖြင့် ခြင်းလုံးအားကစားနည်းတွင် ရွှေတံဆိပ် ၂ ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းတွင် ရွှေတံဆိပ် ၁ ခု စုစုပေါင်း ဆုတံဆိပ် ၃ ခု ရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)