တာချီလိတ် မတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ပေးအပ်ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်များအား ဂုဏ်ပြုကြိုဆိုခြင်းနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို မတ်လ(ပထမပတ်)အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မတ်လ (၄)ရက်နေ့တွင် တာချီလိတ်မြို့နယ်ကိုယ်စားပြု နိုင်ငံတော်အဆင့် သုဓမ္မသိင်္ဂီဘွဲ့(အမျိုးသမီးသာသနာနုဂ္ဂဟ တတိယအဆင့်)ရ Lord Eagle Hotel ဒါရိုက်တာ ဒေါ်နန်းကျန်ခမ်းအားလည်းကောင်း၊ မတ်လ (၅)ရက်နေ့တွင် နိုင်ငံတော်အဆင့် သုဓမ္မမဏိဇောတဓရဘွဲ့(အမျိုးသားသာသနာနုဂ္ဂဟတတိယဆင့်)ရ (BM မေထန်ချိတ်သွပ်အမိုးပြားစက်ရုံ) မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းစိုင်းအားလည်းကောင်း၊ မတ်လ (၆) ရက်နေ့တွင် ရန်ကုန်တိုင်းကိုယ်စားပြု သုဓမ္မသီင်္ဂီဘွဲ့ (အမျိုးသမီးသာသနာနုဂ္ဂဟတတိယအဆင့်)ရ တာချီလိတ်မြို့နေ ဒေါက်တာ နန်းဖြူနှင်း(ဖြူစင်သင်္ကန်းတိုက်)တို့အား နဂါးနှစ်ကောင်ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မစာချဘွဲ့(ပထမအဆင့်) အဂ္ဂမဟာဂန္တဝါ စကပဏ္ဍိတဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သံဃာတော်များ၊ မြို့မိမြိုဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာအကအဖွဲ့များ၊ ဂုဏ်ပြုပန်းစည်းများဖြင့် အသီးသီး ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
ထို့နောက် မင်္ဂလာချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကို ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်၌ ကျင်းပရာ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး အလှူရှင်များက ဆရာတော်၊ သံဃာတော်များနှင့် ရှင်သာမဏေ ၅၅ ပါးတို့အား ပစ္စည်းလေးပါးနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)