မြစ်ကြီးနား မတ် ၇
“တရားမျှတမှုနှင့် အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင်အရေးပါသည့် အင်အားစုတစ်ရပ်ဖြစ်ပြီး အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်ပါကြောင်း၊ ထို့ကြောင့်ကဏ္ဍစုံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အနာဂတ်များအတွက် အခွင့်အရေးမြှင့်တင် ကာကွယ်စောင့်ရှောက်ခြင်း၊ တန်းတူညီမျှမှုရရှိရေး ဖော်ဆောင်ပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းစဉ်များ ဖန်တီးပေးခြင်းတို့ကို အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် သံလွင်ပရဟိတဂေဟာ၊ အမှတ်(၂) မူလတန်းကြိုကျောင်း၊ မေတ္တာရင်ခွင်ပရဟိတဂေဟာများမှ သမီးငယ်လေးများက တိုင်းရင်းသားတေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မတ် ၅ ရက်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်လွှတ်တော်ရုံးသို့ သွားရောက်ပြီး တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ လွှတ်တော်ရုံး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ပြုပြင်ဆောင်ရွက်နေမှုများနှင့် လွှတ်တော်အစည်းအဝေးခန်းမ၌ အသံပိုင်းဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှု၊ နေရာချထားမှုပုံစံများ၊ မှတ်တမ်းတင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် လွှတ်တော်ရုံးနှင့်ကပ်လျက် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနားနေဆောင်၌ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ အုပ်စုအတွင်းသို့ သွားရောက်ခဲ့ကြပြီး တဖက်နိုင်ငံသို့ တင်သွင်းမည့် စိုက်ပျိုးရေးသီးနှံများနှင့် တစ်ဖက်နိုင်ငံမှ သွင်းကုန်ပစ္စည်းများအား တရားဝင်ဖြစ်စေရေးနှင့် ဒေသတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးတို့အတွက် သွင်းကုန်လိုင်စင်ဖြင့် တရားဝင်တင်သွင်းခွင့်ပြုနိုင်ရေး၊ ကျသင့်အခွန်အခများ ရရှိရေးတို့အတွက် တရားဝင်ကုန်သွယ်မှုနှင့် စစ်ဆေးရေးဆိုင်ရာကိစ္စရပ်များအား ကံပိုင်တည် OSS အဖွဲ့ရုံး ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းမော်ပင်မဓာတ်အားခွဲရုံဝင်းနှင့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်ရှိရာ ရွှေမိုးတောင်ခြေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗလမင်းထင် အမှတ်(၁) တံတားမှတစ်ဆင့် ဗလမင်းထင် အမှတ် (၂) တံတား ရေလယ်တိုင်များ တည်ဆောက်နေမှုအခြေအနေများနှင့် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းကြောင့် ရေစီးကြောင်းပြောင်းလဲမှုဖြစ်ပေါ်ပြီး ဝိုင်းမော်ဘက်ကမ်းအား တိုက်စားနိုင်မှု လျော့ကျနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)