ကျောက်ဆည် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတများပြည့်စုံစေရန် ယနေ့မွန်းလွဲ(၁)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ ကလေးဘဝရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကိုကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့်အလုပ်မျိုးတွင် လုပ်ကိုင် နေရသူများကိုဆိုလိုကြောင်း ကလေးများ၏စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် အလုပ်မျိုးနှင့် ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေသည့်အလုပ်မျိုး၊ ကျောင်းတက်ရန် အခွင့်အလမ်း ရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသောအလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်နေရသူများသည် ကလေးအလုပ်သမားများဖြစ်ကြောင်း နှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကလေးအလုပ်သမားဖြစ်ရသည့်အကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တာဝန်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)