ကော့မှူးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ကော့မှူး မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာလာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကော့မှူးမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာရောက်ရှိလာသူ (၅၅)ဦးတို့အတွက် တစ်ဦးလျှင် တစ်လငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့အတွက် သုံးလစာငွေကျပ် (၆၀၀၀၀)ကျပ်ကို မြို့နယ်နေရပ်စွန့်ခွာထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူများက ကာယကံရှင်များထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)