ပုဇွန်တောင် မတ် ၆
ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးတားဆီးကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ အသိပညာကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၆) ရပ်ကွက်ရှိ ပုဇွန်တောင်စျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်း၊ ပုဇွန်တောင်ဈေးတာဝန်ခံနှင့် စည်ပင်ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပုဇွန်တောင်စျေးအတွင်းရှိ မီးသတ်ရေလှောင်ကန်နှင့် မီးသတ်ပိုက်များအား စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စစ်ဆေးခြင်း၊ လျှပ်စစ်မီတာများနှင့် မီးကြိုးများ စစ်ဆေးခြင်း စသည့်မီးဘေးလုံခြုံရေးတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်၊၊
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ပုဇွန်တောင် စျေးသူ/ဈေးသားများအား မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးနည်းလမ်းများကို ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂက် (စ်) မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့ကိုတက်ရောက်လာသော စျေးသူ/စျေးသားများနှင့်အတူ လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်