ဗိုလ်တထောင် မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ဗိုလ်တထောင်ခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က “ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်များ၏ လစဉ်လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်ဆောင်ရွက်မည့် စက်သုံးဆီချွေတာရေး၊ ပွင့်လင်းရာသီရောက်ပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန်၊ လက်ရှိသစ်ရွက်ခြောက်များ မီးမရှို့ကြစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန် ဆီဆိုင်များအား စစ်ဆေးကြရန်၊ တောင်းရမ်းစားသောက်သူများနှင့် လမ်းဆုံလမ်းမတွင် စျေးရောင်းသူများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး မီးလောင်မှုမီးလန့်မှုများမရှိစေရေး သက်ဆိုင်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အစရှိသည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဒေါ်ခိုင်ကလျာစောက (၃/၂၀၂၆) တိုင်းဒေသကြီး အစည်းအဝေးဆုံးဖြတ်ချက်များ၊ ယခင် အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များမှ ဆွေးနွေးခြင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ မြို့နယ်အတွင်းလုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေ ချောမွေ့စွာဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၁) နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ထိုအစည်းအဝေးသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)