ဒလမြို့နယ် ကမာကဆစ်စျေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ဒလ မတ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်မီးသတ်ဦးစီးဌာနမှ ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရန် နည်လမ်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးတို့အတွက် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်၌ ကမာကဆစ်ဈေးတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သူက မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရန် မီးလောင်လွယ်သည့်ပစ္စည်းများ စနစ်တကျထားသိုသိမ်းဆည်းရန် နည်းလမ်းများကို အသိပညာပေး‌ဟောပြောခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းကို မီးငြှိမ်းသတ်ယာဉ် (၁) စီးဖြင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဈေးသူ၊ ဈေးသားများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)