တံတားဦး မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ် ပညာရေးမှူးရုံးတွင် ရုံးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအတွက် လိုအပ်လျက်ရှိသော သိပ္ပံဆောင်အဆောက်အဦအသစ် တည်ဆောက်ပြီးစီးကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအဆောက်အဦများ ရေရှည်တည်တံ့ရေး၊ ကောင်းမွန်ပြီး သက်ရပ်မှုရှိရေး၊ အဆောက်အဦးအားအရေအသွေး ပြည့်မီရေးနှင့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရေး၊ သတ်မှတ်အချိန်တွင် ပြီးစီးရေးလုပ်ငန်းခွင်တွင် အန္တရာယ်ကင်းရှင်းရေး စသည်တို့ကို ကြိုးစားဆောင်ရွက်လျက်ရှိသည်။
တံတားဦးမြို့နယ် ပညာရေးမှူးရုံးအဆောက်အဦးသစ်မှာ အလျား ၁၀၀ပေ၊ အနံ ၃၀ပေ RCC ၂ထပ် အဆောက်အဦသစ်ဖြစ်ပြီး တန်ဖိုးငွေကျပ်သန်း ၄၉၈,၀၀၀၀ဖြင့် ဆုပြည့်စံကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခြင်း၊ သိပ္ပံဆောင် အသစ်တည်ဆောက်ရာတွင် အ.ထ.က၊ တောင်ဘီလူကျောင်းနှင့် အ.ထ.က၊ ဂွေးကုန်းကျောင်းတို့တွင် အလျား ၉၀ပေ၊ အနံ ၃၀ပေ RCC ၁ထပ် အဆောက်အဦသစ်ဖြစ်ပြီး အဆောက်အဦတစ်ခုလျှင် တန်ဖိုးငွေကျပ်သန်း ၂၂၄,၁၀၀၀ နှုန်းတို့ဖြင့် တော်ဝင်စိုးညွန့် (မြန်မာ) ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခြင်းနှင့် အ.ထ.က (ခွဲ) ထန်းလုံတပ်ကျောင်းနှင့် အထ.က (ခွဲ) အေးကြည်ကုန်းကျောင်းတို့တွင် ထိုနည်းအတူ Middle Land ကုမ္ပဏီတို့မှ တာဝန်ယူအသီးသီး ဆောက်လုပ်ကြရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)