ဇမ္ဗူသီရိမြို့နယ်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဖွင့်ပွဲ အခမ်း အနား ကျင်းပ

ဇမ္ဗူသီရိ မတ် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇမ္ဗူသီရိမြို့နယ်ရုံး Community Center ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  ကျင်းပခဲ့‌ကြောင်းသိရသည်။

အခမ်းအနားတွင် ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသား/သင်တန်းသူများအတွက် သင်တန်းကာလအတွင်း အာဟာရဒါနအတွက် အလှူငွေများ လှူဒါန်းပေးပါသောအလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

 အဆိုပါ အလယ်တန်းအဆင့်အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းကို မတ်လ(၅)ရက်နေ့မှ မတ်လ (၂၇)ရက်နေ့ အထိ အမှတ် (၂၂) အခြေခံပညာအလယ်တန်းကျောင်းမှ ဒု-အ.လ.ပြ ဆရာမဒေါ်နှင်းနှင်းဝေ၊ တိုက်ကွမ်ဒိုသင်တန်းတွင် သင်တန်းနည်းပြ ဆရာကိုလွန်မင်ဂိုနှင့် Fitness Dance သင်တန်းတွင်  သင်တန်းနည်းပြဆရာမ မလျှင်ငိုက်နိမ်နှင့် မကင်းနေလင်းတို့က မတ်လ (၅)ရက်နေ့မှ မတ်လ (၁၃)ရက်နေ့ အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)