မြောက်ဥက္ကလာပ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက မိမိတို့ဦးစီးဌာနမှ လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ လူငယ်၊ လူရွယ်များ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေခြင်းနှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေခြင်း အကျိုးကျေးဇူးများ ရရှိစေခြင်း စသည့် အသိပညာဗဟုသုတများကို ရှင်းလင်းဟောပြောပေးခဲ့သည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာဖတ်ခြင်းဟာ ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု တည်ဆောက်တာထက် ပိုပါကြောင်း၊ စာဖတ်တဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးတွေက စိတ်ပိုင်းဆိုင်ရာရော လက်တွေ့ဘဝအတွက်ပါ တကယ့်ကို အဖိုးတန်လှပါကြောင်း၊ အုပ်တစ်အုပ်ဟာ လူတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံ၊ အတွေးအခေါ်နဲ့ နှစ်ပေါင်းများစွာလေ့လာထားတဲ့ပညာရပ်တွေကို နာရီပိုင်းအတွင်းမှာ သိရှိသွားအောင် ကူညီပေးနိုင်ပါကြောင်း၊ ကိုယ်မရောက်ဖူးတဲ့နေရာ၊ ကိုယ်မသိတဲ့ ယဉ်ကျေးမှုတွေအကြောင်းကို စာအုပ်ထဲကနေတစ်ဆင့် “အမြင်ကျယ်ကျယ်” ကြည့်တတ်လာစေပါကြောင်း၊ စာများများဖတ်တဲ့သူဟာ စကားလုံးအသုံးအနှုန်း ကြွယ်ဝလာပါကြောင်း၊ မိမိရဲ့အတွေးအခေါ်ကို တခြားသူနားလည်အောင် ရှင်းလင်းပြတ်သားစွာ ဖော်ပြနိုင်စွမ်းရှိလာပါကြောင်း စသည့် အသိပညာဗဟုသုတများအား အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)