နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပန်းချီရေးဆွဲနည်းနှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးရေးနည်း သင်တန်း ဖွင့်လှစ်

နမ့်စန်(တ) မတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပန်းချီရေးဆွဲနည်းနှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးရေးနည်း အခြေခံသင်တန်းကို ယမန်နေ့နံနက် ၉နာရီက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပြင်ပအသိပညာအတတ်ပညာများတိုးပွားလာစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး မတ်လ ၅ ရက် မှ ၃၁ ရက်အထိ ပန်းချီသင်တန်းကို နေ့စဉ် နံနက် ၉နာရီမှ နံနက် ၁၀ နာရီထိလည်းကောင်း၊ ကဗျာ၊ စာစီစာကုံးနှင့် ဆောင်းပါးရေးနည်းသင်တန်းကို နံနက်၁၀နာရီမှ ၁၁ နာရီခွဲထိလည်းကောင်း သင်ကြားပို့ချမည်ဖြစ်ကာ အခြေခံပညာကျောင်းများရှိ Grade-3မှ Grade-11 အတွင်းရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် ထံမှသိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)