ဆိပ်ကြီးခနောင်တိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဆိပ်ကြီးခနောင်တို မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပေးပြောကြားခြင်း၊ လိုက်လံစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစောမောင်သန်း၊ လက်ထောက်ဦးစီးမှူး ဦးထွန်းထွန်းအောင်တို့ ဦးဆောင်၍ သ‌န္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးတာဝန်ခံများနှင့် ဈေးသူ၊ ဈေးသားများအား လျှပ်စစ်မီး၊ မီးဖိုမီးများ စနစ်တကျသတိရှိစွာသုံးစွဲရေး လျပ်စစ်မီးခလုတ်၊ ဘတ်ထရီမီးများအား သေချာစွာစစ်ဆေးအသုံးပြုရေး၊ ဆိုင်ခန်းများတွင် အရေးပေါ်မီးသတ်ဆေးဘူးထားရှိရေး၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းဆက်သွယ်အကြောင်းကြားရေးတို့ကို အသိပေးပြောကြားသည်။

ထို့နောက် စျေးအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လွယ်ကူလျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက ဈေးတာဝန်ခံများနှင့်အတူ လက်တွေ့မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)