မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

မြစ်ကြီးနား မတ် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ ၁/ အရှေ့ရပ်ကွက်အတွင်း မြစ်ကြီးနား-မန်ခိန်သွား ကားလမ်းမဘေးရှိ ကောင်းမြန်မာလွင်ကုမ္ပဏီပိုင် ခြံဝန်းအတွင်း မတ် ၅ ရက် ည ၈ နာရီခွဲခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ခြံစောင့်နေအိမ်တစ်လုံးအပါအဝင် ခြံဝင်းအတွင်း ဖွင့်လှစ်ထားသော စားသောက်ဆိုင် တစ်ဆိုင်၊ ကားနှစ်စီး၊ ဆိုင်ကယ် ၃ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်သည် ကောင်းမြန်မာလွင်ကုမ္ပဏီ ခြံစောင့်နေထိုင်သော ကုမ္ပဏီရုံး အဆောက်အဦဟောင်း အနောက်ဘက် မီးဖိုဆောင်တွင် ထမင်းချက်ပြုတ်ရာ ကျန်ရှိသည့် မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိအထပ်သားသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာမှ စတင်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါအဆောက်အဦဟောင်း ၂၇ ပေ၊ ၁၈ ပေပျဉ်ခင်း၊ အထပ်သားကာ/ သွပ်မိုး (၁) ထပ်အဆောက်အဦ အပါအဝင် ခြံဝင်းအတွင်းဖွင့်လှစ်ထားသော Ah Shawng (အားရှောင်) အမည်ရစားသောက်ဆိုင် ၂၇ ပေ၊ ၁ဝ ပေ၊ သမံတလင်းခင်း၊ ထရံကာ/သွပ်မိုး(၁)ထပ် စားသောက်ဆိုင်ခန်းမ ဆောင်(၁)ဆောင်၊ ၂၀ ပေ၊ ၃၀ ပေ ထရံကာ/သွပ်မိုး (၁)ထပ် ဝန်ထမ်းများ အိပ်ဆောင်(၁)ဆောင်၊ ၁၀ ပေ၊ ၃ဝ ပေ မီးဖိုဆောင်(၁)ဆောင်နှင့် Toyota 4 wheel အမျိုးအစားမော်တော်ယာဉ်(၁)စီး၊ Honda Fit အမျိုးအစားမော်တော်ယာဉ် (၁)စီး၊ 125 ဆိုင်ကယ်(၂)စီး၊ ဘတ်ထရီဆိုင်ကယ်(၁)စီး မီးလောင် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထိုသို့ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၃) စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)