နေပြည်တော် မတ် ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်ကျေးရွာသို့သွားရောက်ပြီး စိုက်ပျိုးရေးသုတေသနလုပ်ငန်းများနှင့် ရေကြီးနစ်မြုပ်မှုကာကွယ်ရေး အကွက်ချ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်တွင်းစားသုံးမှုဖူလုံရုံတင်မကဘဲ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည့် အရည်အသွေးမီ စိုက်ပျိုးသီးနှံများ စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်နိုင်ရန်၊ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော သွင်းအားစုများကို အလေအလွင့်မရှိဘဲ အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုကြရန်၊ နိုင်ငံတော်က လိုအပ်သည်များကို ဖြည့်ဆည်းပေးသကဲ့သို့ တောင်သူများအနေဖြင့်လည်း သတ်မှတ်ထားသော ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများအနေဖြင့် တောင်သူများ၏ အခက်အခဲကို ကွင်းဆင်းကူညီဖြေရှင်းပေးရန် လိုအပ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် မျိုးစေ့များကို ရွေးချယ်ပြီး မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ အထူးအလေးထား စိုက်ပျိုးရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက တောင်သူများအား သီးနှံများပန်းတိုင်အထွက်နူန်းရရှိစေရေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းအမှတ် (၁၆၂၃(က))ရှိ တောင်သူ ဒေါ်ဆန်းတင်နှင့် တောင်သူ ဦးပြည့်ဝတို့၏ ပန်းနှမ်း(ဒေသမျိုး)၊ ပဲယင်းနီ၊ ဆင်းရွှေကြာ-၂ နေကြာ၊ ပဲပုပ်(ရေဆင်း-၁၅) ဘောင်ဖော်ကြဲပက်စိုက်ပျိုးခြင်း၊ စပ်မျိုးပြောင်းဖူး (၁၄) မျိုးအား မျိုးစပ်ကူးစပ်ခြင်း ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မျိုးစေ့တွေကို တောင်သူများထံ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရန်၊ ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေး ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့မှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ်၊ ပင်လောင်းလမ်းဘေးရှိ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် အကွက်ချလယ်ယာမြေ (၃၈.၉၀)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းမှ ကုန်ထုတ်လမ်း၊ ရေနုတ်မြောင်း၊ ရေပေးမြောင်းဆောင်ရွက်နေမှုအခြေအနေများနှင့် နှစ်ဧကအကျယ်ရှိ ငါးမွေးမြူရေးကန်တူးဖော်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)