မြောက်ဥက္ကလာပ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် အသေးစားစက်မှုလက်မှု အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို သုဓမ္မာလမ်းမကြီး မယ်လမုဘုရားအနီးရှိ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအတွင်း ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာ၀န်ကြီး ဦးဇော်၀င်း၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာ၀န်ကြီး ဦးဇော်၀င်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ၀န်ကြီး ဦးဇော်၀င်း၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်အတွင်းရှိ ဈေးဆိုင်ခန်းများအား လှည့်ကြည့်အားပေးခဲ့ကြသည်။
အဆိုပါ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် အသေးစား စက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် စားသောက်ကုန် ၃၅ ခန်း ၊ လူသုံးကုန် ၁၅ ခန်း ၊ လက်မှုလုပ်ငန်း ၅ ခန်း ၊ အထွေထွေပြခန်း ၅ ခန်းနှင့် ပြခန်းစုစုပေါင်း ၆၀ ခန်းအား မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မနက် ၆ နာရီ ၊ ညနေ ၆ နာရီအထိ ရောင်းချသွားမည်ဖြစ်ရာ မည်သူမဆိုလာရောက်၀ယ်ယူနိုင်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)