ရေး မတ် ၆
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းအနေဖြင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများသည် မတ် ၅ ရက်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာကျောင်းများ၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ တည်းခိုနေထိုင်သည့် စာသင်ကျောင်းများနှင့် မြသီတာဈေးကြီးတို့၌ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦရဲကောင်းထက်နှင့် မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးကျော်စိုးထိုက်တို့က တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာကျောင်းများနှင့် ရပ်ဝေးမှ ကျောင်းသား၊ ကျောင်းသူများ တည်းခိုနေထိုင်သည့် စာသင်ကျောင်းများအတွင်း မီးဘေးအန္တရာယ်လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်း၊ အလားတူ မြသီတာဈေးကြီးအတွင်း တည်ခင်းရောင်းချလျက်ရှိသည့် ဈေးဆိုင်များ၌ မီးသတ်ဆေးဘူး တပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ သုံးစွဲနေသည့်မီးသတ်ဆေးဘူးများ သက်တမ်းလွန်မဖြစ်စေရေး သတိပြု ရမည်ဖြစ်ကြောင်း၊ ဆိုင်ခန်းများတွင်တပ်ဆင်ထားသည့် လျှပ်စစ်ဝိုင်ယာကြိုးများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးအတွင်း မီးချိတ်/မီးကပ်၊ မီးသတိပြုရေးစာတမ်းများ ချိတ်ဆွဲထားခြင်း၊ မီးသတ် ဆေးဘူး စနစ်တကျထားရှိမှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးပြီး အသိပညာပေးခြင်း နှင့် အရေးပေါ် အခြေအနေဖြစ်ပေါ်ပါက မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် မီးငြိမ်းသတ်ခြင်းတို့ကို သရုပ်ပြရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။
ရှင်းသန့်ဖြူ