ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

 

ဆိပ်ကြီးခနောင်တို မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီ နေရပ်စွန့်ခွာလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် ထောက်ပံ့ငွေပေးအပ်ရာတွင်လည်း သတ်မှတ် အထောက်အထားစာရင်းဇယားများဖြင့် စနစ်တကျပေးအပ်သွားမှာဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့် မြို့နယ်အတွင်း သတ်မှတ်ချက်များနှင့် အညီအေးချမ်းစွာနေထိုင်ကြရန်နှင့် မိသားစုများအားလုံး ကျန်းမာရေးဂရုပြုနေထိုင်ကြရန် စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များက အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အကြမ်းဖက် ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ခြောက်သောင်းနှုန်းဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူ ၁၂၈ ဦးအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)