မော်လမြိုင်မြို့၌ အခြေခံပန်းချီ ရေးဆွဲနည်း သင်တန်းဖွင့်လှစ်

မော်လမြိုင် မတ် ၆

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းကို မတ်လ (၅)ရက်နေ့ နံနက်ပိုင်းက (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က အဖွင့်စကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ မြို့နယ် ရိုးရာပန်းပညာရှင်များ အစည်းအရုံးမှ ပန်းချီဆရာဦးထွန်းဝင်းက ယခုသင်ကြားပေးသည့်  သင်တန်းကို တက်ရောက်ကြသော သင်တန်းသား/ သူများအနေဖြင့်  အခြေခံမှစတင်၍ အလွယ်တကူ တတ်မြောက်သွားအောင် သင်ကြားပေးမှာ ဖြစ်ကြောင်း၊ သင်တန်းသား/ သူများကလည်း သင်တန်းကာလအတွင်း ကြိုးကြိုးစားစားနဲ့ တတ်မြောက်အောင် တက်ကြွစွာ တက်ရောက်ကြစေလိုကြောင်း ပြောကြားသည်။

ထိုနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်း နှင့်အဖွဲ့ဝင်များက သင်တန်းသား/ သူများအား အချိုရည်များပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့သည်။ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဖွင့်လှစ်သည့် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို သင်တန်းသား/ သူ (၃၅)ဦးကို (၅-၃-၂၀၂၆) ရက်နေ့မှ (၁၄-၃-၂၀၂၆)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)