မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၆

မွန်ပြည်နယ်၊ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားကို မတ် ၄ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယခုလွှတ်တော်မိတ်ဆက်အခမ်းအနားကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်များမှ ကြိုတင်သိရှိနိုင်စေဖို့အတွက် ပြုလုပ်ရခြင်းဖြစ်ပြီး  တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ဖော်ဆောင်ခွင့်ရတဲ့ ကိုယ်စားလှယ်များအားလုံးကိုယ်စား ဂုဏ်ယူမိပါကြောင်း၊ ပြည်သူကရွေးချယ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်နှင့်အညီ လွှတ်တော်၏တာဝန်များဖြစ်တဲ့ ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို အပြန်အလှန်ထိန်းညှိဆောင်ရွက်သွားကြရမှာဖြစ်သလို ကိုယ်စားလှယ်များအားလုံးက ပူးပေါင်းပြီး ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ လွှတ်တော်၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်ကို ပြည်သူများက စိတ်ဝင်တစား ပူးပေါင်းလာတာနဲ့အမျှ ပိုမိုအားကောင်းပြီး ထိရောက်သည့် လွှတ်တော်တစ်ရပ်အဖြစ် ဖော်ဆောင်လာနိုင်မှာဖြစ်၍ ပြည်သူများက ယုံကြည်အားထားမှုရှိသည့် လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဦးချင်းစီမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးအောင်မြို့မှ တတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအား ကိုယ်စားလှယ် အသိအမှတ်ပြုလွှာများ ပေးအပ်ခဲ့သည်။

ယင်းနောက် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦကျော်ဇင်ထက်မှ ပထမအကြိမ်နှင့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းဆောင်ရွက် ချက်များ(အနှစ်ချုပ်)၊ လွှတ်တော်ရုံးဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်စားလှယ်များ စရိတ်ချီးမြှင့်ငွေဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရေး စီမံချက်နှင့် ပထမပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပပုံတို့အား လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပပုံအကြိုသရုပ်ပြလေ့ကျင့်မှုဗီဒီယို(Video)အား ပြသခဲ့ပြီး မွန်ပြည်နယ် သတင်းရဲတပ်ဖွဲ့၊ အမှတ် (၁၁) တပ်ဖွဲ့ခွဲ (မွန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက လုံခြုံရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံဂုဏ်ပြုနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)