ဖယ်ခုံ မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မတ် ၄ ရက်နေ့နံနက် ၉ နာရီခွဲက ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက အမှာစကားပြောကြားရာတွင် မြန်မာတစ်နိုင်ငံလုံး၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အပိုင်း(၃)ပိုင်းကျင်းပရာတွင် ဖယ်ခုံမြို့နယ်သည် အပိုင်း(၃)တွင်ကျင်းပပြုလုပ်ခဲ့ပြီး ယခုတွင် လွှတ်တော်ကိုယ်စားလှယ်များပေါ်ထွက်လာပြီဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အသီးသီးတွင်တင်ပြမည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်၏လိုအပ်ချက်များ၊ ဌာနဆိုင်ရာ၏လိုအပ်ချက်များ၊ ရပ်ကွက်လိုအပ်ချက်များကို အားလုံးပူးပေါင်းပါဝင်ဆွေးနွေးကြရန်အတွက် တွေ့ဆုံရသည်ဖြစ်ကြောင်းပြောကြားပြီးနောက် ကယန်းတိုင်ရင်းသားရေးရာဝန်ကြီး ဒေါ်အေးချိုစိန်က မိတ်ဆက်အမှာစကားပြောကြားရာတွင် နောက်ပိုင်းတွင်ဆောင်ရွက်ရမည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင်လိုအပ်သော ပထမဦးစားပေး၊ ဒုတိယဦးစားပေး တတိယဦးစားပေးခွဲခြမ်းစိတ်ဖြာ၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများနှင့်လည်း ယခုကဲ့သို့နောင်တွင်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သောကြောင့် လုပ်ငန်းများအောင်မြင်အောင် ဒေသခံများကပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီလှိုင်က မိတ်ဆက်စကားပြောကြားပြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းကျော်ရင်မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် လိုအပ်သောအချက်အလက်များအား ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်းဆောင်ရွက်၍ အချက်အလက်များပြည့်စုံလျှင် မကြာမီကျင်းပတော့မည်လွှတ်တော်အစည်းအဝေးတွင် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြာခဲ့ပါသည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြပြီးတက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များတင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်