နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲ တက်ရောက်

နေပြည်တော် မတ် ၆

နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ပြန့်ပွားစေရန်ရည်ရွယ်၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂ဝ၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ၌ ပွင့်လင်းရာသီရောက်ပြီဖြစ်သည့်အတွက်ကြောင့် အပူချိန်မြင့်မားလာခြင်းနှင့်အတူ လေပြင်းဘေးများကျရောက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မီးဘေးများဖြစ်ပွားခြင်းများ ဖြစ်လာနိုင်သည့်အတွက် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများရေးဆွဲပြီး လက်တွေ့အသုံးချနိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်ဘေးကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် ဒေသ၏ လူမှုစီးပွားနှင့် ကဏ္ဍပေါင်းစုံကို ထိခိုက်ဆုံးရှုံးစေနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များသည် အလွန်အရေးကြီးကြောင်း၊ ထိုသို့ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများကိုလည်း အားလုံးက ပူးပေါင်းပါဝင်စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်းတွင် တက်ရောက်နေကြသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသဘောတရားများကို သေချာစွာ နားလည်သဘောပေါက်မှသာ သဘာဝဘေးလျော့ပါးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချ/ဆွေးနွေးမှုများအား စိတ်ဝင်တစား ဂရုတစိုက် သင်ယူမှတ်သားလေ့လာပြီးရရှိသည့် အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကို မိမိတို့ မြို့နယ်များတွင် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများကို ပေးအပ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလကို မတ် (၄)ရက်နေ့မှ (၆) ရက်နေ့အထိ သုံးရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)